Post-apocalyptic ကမ္ဘာကြီးမှာ စခန်းတည်ဆောက်ရမယ့် Fallout Shelter

ကျွန်တော်တို့တွေ Age of Empire လိုဂိမ်းမျိုးမှာ ရှေးခေတ်က မြို့တွေကိုတည်ခဲ့ပါတယ်။ SimCity လိုဂိမ်းမှာကျတော့ မျက်မှောက်ခေတ်မြို့ပြတွေကို တည်ဆောက်ခဲ့ကြပါတယ်။ Fallout Shelter ဆိုတဲ့ ဒီဂိမ်းမှာတော့ လူနေမှုအဖွဲ့အစည်းကြီး ပြိုပျက်သွားပြီးတဲ့နောက် Post-apocalyptic ကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် နေစရာနေရာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

Nuclear Radiation တွေနဲ့ ပြည့်နှက်နေတဲ့ Post-apocalyptic ကမ္ဘာကြီးဖြစ်တာနဲ့အညီ လမ်းတံတားတွေဆောက်ပြီး မြေပြင်ပေါ်မှာ နေထိုင်လို့မရပါဘူး။ အဲဒီတော့ ပြင်ပအန္တရာယ်တွေကနေ လွတ်ကင်းအောင် Vaults လို့ခေါ်တဲ့ မြေအောက်အဆောက်အအုံတွေကို တည်ဆောက်ပြီး နေထိုင်ကြရမှာပါ။ Fallout Shelter မှာတော့ ကစားသူဟာ Vault တွေကို ဦးစီးကြီးကြပ်ရတဲ့ Overseer နေရာကနေ ဆော့ကစားရမှာဖြစ်ပြီးတော့ မိမိကြီးကြပ်ရတဲ့ Vault နဲ့ အထဲမှာနေထိုင်ကြတဲ့ Dweller တွေ အဆင်ပြေပြေ နေထိုင်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

Vault ထဲမှာ လူတွေနေထိုင်အသက်ရှင်ဖို့ဆိုရင် လိုအပ်တဲ့အရာ သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ လျှပ်စစ်၊ ရေ နဲ့ အစားအစာ တို့ပဲဖြစ်ပါတယ်။ အဲဒီတော့ Overseer ဖြစ်တဲ့ သင်ဟာ သင့် Vault မှာ အဲဒီ resources တွေ မပြတ်လပ်သွားအောင် အဓိကဦးစားပေး လုပ်ဆောင်ရမှာပါ။ အဲဒီအတွက် Power Generator ၊ Water Treatment Plant နဲ့ Diner တို့ကို နေထိုင်တဲ့ လူဦးရေအလိုက် တိုးချဲ့တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သင့် Vault မှာ လာရောက်နေထိုင်တဲ့ Dweller တွေများပြားလာတာနဲ့အမျှ လူတွေများများ နေထိုင်နိုင်အောင် အခန်းတွေကို တိုးချဲ့တည်ဆောက်ပေးရဦးမှာလည်း ဖြစ်ပါတယ်။ အခန်းချဲ့တဲ့နေရာမှာ အပြင်က ရောက်လာမယ့် Dweller တွေအပြင် နဂိုရှိပြီးသားလူတွေကနေ မွေးဖွားလာမယ့် ကလေးတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာ ဖြစ်ပါတယ်။

 .         

ဒါ့အပြင် လူမှန်နေရာမှန် အသုံးချတတ်ဖို့ကလည်း အရေးကြီးပြန်ပါသေးတယ်။ Dweller တစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ stats တွေရှိကြပါတယ်။ အဲဒါကြောင့် Dweller တစ်ယောက်ချင်းစီရဲ့ အားသာချက်တွေအလိုက် လိုအပ်တဲ့နေရာတွေမှာ နေရာလိုက်ချပေးမှ သင့်လုပ်ငန်း လည်ပတ်တာတွေက အဆင်ပြေချောမွေ့မှာပါ။ Dweller တွေရဲ့ stats တွေကိုမြှင့်တင်ဖို့အတွက် Training Rooms တွေမှာ လေ့ကျင့်ပေးလို့ရဦးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ Vault ဟာ သူ့ဟာနဲ့သူ အဆင်ပြေပြေ လည်ပတ်နိုင်တယ်ဆိုပေမယ့် အပို resources တွေရဖို့အတွက် သင့် Dweller အချို့ကို ပြင်ပ Wasteland ထဲ လွှတ်သင့်လွှတ်ရပါမယ်။ ဒီအတိုင်းလွှတ်လိုက်ရင် သေကုန်မှာဖြစ်လို့ Radiation ဒဏ်ခံနိုင်မယ့် အကာကွယ်တွေနဲ့ လက်နက်တွေ အလုံအလောက် တပ်ဆင်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့် Vault ဟာ ဘေးအန္တရာယ်တွေကနေ လုံးဝကြီးလုံခြုံတာမျိုး မဟုတ်ပါဘူး။ ပြင်ပကနေ အကောင်တွေဝင်လာပြီး တိုက်ခိုက်တာမျိုးရှိတဲ့အတွက် သင့် Vault မှာနေထိုင်သူတွေကို လက်နက်တွေ သင့်လျော်သလို တပ်ဆင်ပေးထားဖို့လည်း လိုအပ်ပါသေးတယ်။

 

ပြောရမယ်ဆိုရင်တော့ Fallout Shelter ဟာ ကစားသူကို တောက်လျှောက် ဖမ်းစားထားနိုင်မယ့် simulation ဂိမ်းတစ်ခုဖြစ်ပါတယ်။ လျှပ်စစ်ထုတ်တာပြီးတော့မယ်၊ ရေကလည်း ခဏနေဆိုရပြီ၊ အစားအစားကလည်း နောက် ၃ မိနစ်ဆိုပြီးပြီ၊ အပြင်ကိုလွှတ်ထားတဲ့သူကလည်း resource တွေတော်တော်ရထားပြီ အစရှိပြီး လုပ်စရာ သေးသေးလေးတွေ အများကြီးက သင့်ကို တောက်လျှောက် ဂိမ်းထဲမှာ ရှိနေစေမှာပါ။ သင့်ရဲ့ Vault က အထပ်တွေအများကြီး ဖြစ်လာတာကိုကြည့်ပြီး ပီတိတွေဖြာရဦးမှာလည်း ဖြစ်ပါတယ်။ Fallout Shelter ဟာ free-to-play ဂိမ်းဖြစ်ပြီးတော့ in-app-purchases တွေမပါပဲလည်း အဆင်ပြေပြေဆော့ကစားလို့ရပါတယ်။ နောက်တစ်ချက် အရမ်းမိုက်တာကတော့ Fallout Shelter ဟာ offline ဂိမ်းဖြစ်ပါတယ်။ နောက်ပိုင်းထွက် ဂိမ်းအတော်များများကို ဆော့ကစားဖို့ အင်တာနက် လိုအပ်နေတဲ့အချိန်မှာ ရှားရှားပါးပါး offline နဲ့ ဆော့ကစားလို့ရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Simulation ဂိမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ Play Store နဲ့ App Store တို့မှာ Fallout Shelter ကို ရယူဆော့ကစားကြည့်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

Image Sources:

http://store.steampowered.com/app/588430/Fallout_Shelter/

https://itunes.apple.com/us/app/fallout-shelter/id991153141?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password