Clash of Clans နဲ့ Civilization ဂိမ်းတွေကို လှလှပပ ပေါင်းစပ်ထားတဲ့ DomiNations

Real-Time Strategy (RTS) ဂိမ်းတွေနဲ့ အကျွမ်းတဝင်ရှိသူတွေကတော့ Rise of Nations ဆိုတဲ့ဂိမ်းကို ကြားဖူးကြမှာပါ။ ကမ္ဘာ့အကောင်းဆုံး Strategy ဂိမ်းစာရင်းထဲမှာ ပါဝင်တဲ့ အဲဒီဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Big Huge Games ဟာ အချိန်တော်တော်ကြာ နားနေရာကနေ Nexon ကုမ္ပဏီနဲ့ပေါင်းပြီး DomiNations ဆိုတဲ့ ဒီဂိမ်းကို ထုတ်လုပ်ခဲ့ပါတယ်။ Big Huge Games ဟာ Mobile platform ပေါ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ Clash of Clans နဲ့ Strategy ဂိမ်းတွေရဲ့ ဂုရုကြီးတစ်ပါးဖြစ်တဲ့ Civilization တို့ကို ဘယ်လိုများ ပေါင်းစပ်ထားတာလည်းဆိုတာကတော့ တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Strategy ဂိမ်းကောင်းတွေကို ထုတ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီကနေ ထွက်ရှိလာတဲ့ဂိမ်းဖြစ်တာမို့ DomiNations အပေါ် မျှော်လင့်ချက်တွေ ထားကောင်း ထားမိမှာပါ။ အဲဒါဆိုရင်တော့ ဒီဂိမ်းက သင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒီဂိမ်းမှာ ကစားသူဟာ Civilization ဂိမ်းတွေထဲကလိုပဲ မိမိရဲ့နိုင်ငံကို လူ့အဖွဲ့အစည်းရယ်လို့ စတင်ဖြစ်တည်လာတဲ့ Dawn Age ကနေ Space Age အထိ အဆင့်မြင့်တင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီစာရေးတဲ့အချိန်မှာတော့ Atomic Age အထိပဲဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ Gold တွေ Food တွေကို ရှာဖွေစုဆောင်းပြီး မိမိနိုင်ငံရဲ့ စစ်အင်အား၊ စီးပွားရေး၊ လူနေအဆောက်အအုံ အစရှိပြီး နိုင်ငံတစ်နိုင်ငံ လည်ပတ်ဖို့ လိုအပ်တာတွေအားလုံးကို ဖြည့်ဆည်းတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

ဒီအထိကတော့ Civilization ဂိမ်းတစ်ခုပါပဲ။ ဘယ်မှာလဲ Clash of Clans လို့စဉ်းစားနေတယ်ဆိုရင်တော့ အဲဒီအကြောင်း အခုလာပါပြီ။ DomiNations ထဲမှာ အခြားကစားသူတွေရဲ့ နိုင်ငံတွေကို သွားရောက်တိုက်ခိုက်ပြီး resource တွေ စုဆောင်းနိုင်ပါတယ်။ တိုက်ပွဲထဲရောက်သွားရင် မိမိရဲ့ စစ်သားတွေကို ထိန်းချုပ်လို့ရမှာမဟုတ်ဘဲ Clash of Clans ထဲကလို စမှတ်နေရာချပေးပြီးတာနဲ့ ဒီတိုင်းထိုင်ကြည့်နေရမှာ ဖြစ်ပါတယ်။ စက္ကန့် ၃၀ တစ်ကြိမ်တော့ မိမိရဲ့ တပ်တွေအားလုံးကို target ပေးပြီး တိုက်ခိုင်းလို့ရမှာပါ။ တိုက်ပွဲတွေက semi-automatic ဖြစ်တဲ့အတွက် Clash of Clans ထဲမှာလိုပဲ မိမိရဲ့ အဆောက်အအုံတွေကို နေရာကျကျ ဆောက်တတ်ဖို့က အရေးပါလာပါတယ်။ ဒါ့အပြင် Alliance ဖွဲ့တာကလည်း ဒီဂိမ်းရဲ့ အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

DomiNations ဟာ Mobile platform ပေါ်က Free-to-Play Multiplayer ဂိမ်းဖြစ်တာနဲ့အညီ ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့ F2P in-app purchase စနစ်ကို မြင်တွေ့ရမှာပါ။ အဆောက်အအုံတွေကို တည်ဆောက်တာတွေ၊ အဆင့်မြင့်တင်တာတွေကစပြီး ဂိမ်းထဲမှာပါဝင်တဲ့ လုပ်ဆောင်စရာတွေအားလုံးဟာ ပြီးဆုံးဖို့ အချိန်စောင့်ရပါတယ်။ မစောင့်ချင်တဲ့သူတွေကတော့ ဒီဂိမ်းရဲ့ Premium Currency ဖြစ်တဲ့ Crown တွေကို အသုံးပြုပြီး ချက်ချင်းပြီးစီးအောင် လုပ်လို့ရမှာပါ။ အချို့ upgrade တွေဟာ နာရီပေါင်းများစွာ စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် Premium ဂိမ်းဖြစ်တဲ့ Civilization လိုတော့ တောက်လျှောက်ကြီး ထိုင်ဆော့လို့ မရပါဘူး။ Mobile ဂိမ်းတွေနဲ့ မစိမ်းတဲ့သူတွေအဖို့တော့ ပြဿနာမဟုတ်ပေမယ့် PC ဂိမ်းတွေကနေ လာမယ့်သူတွေအတွက်ကတော့ စိတ်ထဲမှာ မတင်မကျ ဖြစ်စေနိုင်ပါတယ်။

 .         

ခြုံပြီးပြောရရင်တော့ DomiNations ဟာ စခန်းတည်ဆောက်ရတဲ့ Strategy ဂိမ်းတွေကို ကြိုက်နှစ်သက်တတ်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ App Store တွေထဲက တောင်ပုံရာပုံရှိတဲ့ အမျိုးအစားတူဂိမ်းတွေထဲက တကယ်ကို ရှားရှားပါးပါး ထူးခြားတဲ့ဂိမ်းတစ်ခုပါ။ မိမိရဲ့နိုင်ငံကြီး တဖြည်းဖြည်းနဲ့ တိုးတက်လာတာကိုကြည့်ပြီး သဘောမခွေ့မှာ ဘယ်သူရှိပါသလဲ။ ဓားတွေ လှံတွေကို အားကိုးနေရသေးတဲ့ နိုင်ငံကို မိမိရဲ့ လေယာဉ်တွေ တင့်ကားတွေနဲ့ ဝင်အနိုင်ကျင့်တာမျိုးလို လူမဆန်တဲ့ လုပ်ရပ်မျိုးတွေလည်း လုပ်နိုင်ဦးမှာပါ။ ရက်ရှည်လများ စွဲပြီးဆော့ဖို့ ဂိမ်းတစ်ခုရှာဖွေနေတယ်ဆိုရင်တော့ DomiNations ဆိုတဲ့ ဒီဂိမ်းကို သင့်ရဲ့ စမ်းဆော့ရန်စာရင်းထဲ ထည့်သွင်းထားသင့်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

Image Sources:

http://www.bighugegames.com/

https://itunes.apple.com/us/app/dominations/id922558758?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password