News

အောက်တိုဘာ ၂၆ ထွက်မယ့် ဆီးရီးယားဒုက္ခသည်တွေအကြောင်း အခြေခံထားတဲ့ဂိမ်း ‘Bury Me, My Love’

စစ်ဆိုတာ ဘယ်ဟာမှမကောင်းပါဘူး။ စစ်ဖြစ်ပြီဆိုတာနဲ့ နှစ်ဦးနှစ်ဖက်လုံးက ဆုံးရှုံးနစ်နာမှုတွေရှိကြပါတယ်။ အဲဒါအပြင် ကြားကနေ ဓားစာခံရသူတွေရဲ့ဒုက္ခကလည်း မသေးပါဘူး။ Bury Me, My Love ဆိုတဲ့ဒီဂိမ်းဟာ ဆီးရီးယားစစ်ဘေးဒုက္ခသည်တွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို အခြေခံထားတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဒီဂိမ်းမှာ ကစားသူဟာ Nour ဆိုတဲ့အမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းဖြစ်တဲ့ Majd တို့ရဲ့ဇာတ်လမ်းကို ဆော့ကစားရမှာ ဖြစ်ပါတယ်။ Nour ဟာ ဆီရီးယားနိုင်ငံထဲကနေထွက်ပြေးပြီး ဥရောပမှာခိုလှုံဖို့ စွန့်စွန့်စားစား ခရီးနှင်ခဲ့ပါတယ်။ ဒါပေမယ့်သူမရဲ့ခင်ပွန်း Majd ကတော့ ဆီးရီးယားမှာ ကျန်ရစ်နေခဲ့ပါတယ်။ ကစားသူဟာ Majd နေရာကနေကစားပြီးတော့ သင့်ဇနီးသည် ဘေးကင်းလုံခြုံဖို့အတွက် ကူညီပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကူညီပေးလို့ရတဲ့နည်းက တစ်နည်းတည်းရှိပါတယ်။ အဲဒါကတော့ WhatsApp လို Messaging App လေးပဲဖြစ်ပါတယ်။ Nour ရဲ့ခရီးလမ်းတစ်လျှောက်မှာပြုလုပ်ရမယ့် အရေးကြီးတဲ့ဆုံးဖြတ်ချက်အားလုံးကို Messaging App လေးကနေတဆင့် ကူညီရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးသတ် ၂၀ ပါဝင်ပြီး သင့်ရဲ့ရွေးချယ်မှုတွေပေါ်မူတည်ပြီး အဆုံးသတ်တွေက ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဒီဂိမ်းဟာ စစ်ရဲ့သားကောင်တွေဖြစ်တဲ့ ပြည်သူတွေရဲ့ဘဝကို ထင်ဟပ်စေမယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရသူ ဒုက္ခတွေနဲ့ရင်ဆိုင်နေရချိန်မှာ ကိုယ်တိုင်ကိုယ်ကျသွားမကူနိုင်တဲ့ နာကျင်ဖွယ်ခံစားချက်ကိုပါ မိတ်ဆက်ပေးဦးမှာဖြစ်ပါတယ်။ လက်တွေ့နဲ့နီးစပ်လွန်းတဲ့ဇာတ်လမ်းဖြစ်တာမို့ မျက်မှောက်ခေတ်ရဲ့ပုံရိပ်ကို မီးမှောင်းထိုးပြနေတဲ့ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်ကတော့ ဒီဂိမ်းကိုစမ်းဆော့ချင်လို့ အောက်တိုဘာ ၂၆ ကိုမြန်မြန်ရောက်ဖို့ ဆုတောင်းနေပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password