ဗုံးနဲ့လိုက်ပေါက်ပြီး ကစားရမယ့် ချစ်စရာဂိမ်းလေး BombSquad

BombSquad ကို စကားတစ်လုံးတည်းနဲ့ ဖော်ပြရရင် “Super Fun” လို့ ပြောရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းကို လူ ၈ ယောက်အထိ တစ်ပြိုင်တည်း ချိတ်ဆက်ပြီး ဆော့လို့ရလို့ပါ။ ချိတ်ဆက်တယ်ဆိုတဲ့နေရာမှာ online ကတစ်ဆင့် အတူကစားတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ အခန်းတစ်ခန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး အတူကစားရတာကို ပြောတာပါ။ ဒါကြောင့် BombSquad ဟာ သူငယ်ချင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီး ပျော်ပျော်ပါးပါး ကစားရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

BombSquad မှာ mini game တွေ အမျိုးမျိုး ပါဝင်ပါတယ်။ Deathmatch တီးချင်သလား၊ အလံလုပြီး ပြေးရတာမျိုးကစားချင်သလား၊ ဒါမှမဟုတ် Ice Hockey ကစားချင်သလား၊ BombSquad မှာအကုန်ရှိပါတယ်။ သင့်ရန်သူတွေကို ဗုံးတွေနဲ့ ပစ်ပေါက်ပြီး ဒုက္ခပေးနိုင်သလို လက်သီးနဲ့ လိုက်ထိုးပြီး အာရုံနောက်နိုင်ပါတယ်။ ပိုပြီး မျက်နှာပြောင်ချင်ရင်တော့ သင့်ရန်သူကို ဖမ်းချုပ်ပြီး ချောက်ထဲပစ်ချလို့ ရပါသေးတယ်။ ဒါမှမဟုတ် ကွင်းကိုပတ်ပြေးနေချင်သပဆိုရင်လည်း သင့်သဘောပါပဲ။ BombSquad မှာ အနိုင်ရဖို့အဓိကမဟုတ်ပါဘူး။ ပျော်ရဖို့က အဓိကဖြစ်ပါတယ်။

 .         

ပွဲတစ်ပွဲစတာနဲ့ ကွင်းပြင်အတွင်းမှာ Power Up တွေအမျိုးစုံ ကျလာမှာပါ။ သွေးပြန်ပြည့်မယ့် Med-Pack တွေ၊ ထိသွားရင် ရန်သူ့ကိုယ်ပေါ်မှာ ကပ်ပါသွားမယ့် Sticky-Bombs တွေ၊ ရန်သူတွေကို ခဲသွားစေမယ့် Ice-Bombs တွေ အစရှိပြီး ပစ္စည်းတွေ အမျိုးစုံ ပါဝင်ပါတယ်။ စားမိတဲ့သူကို Suicide Bomb အဖြစ်ပြောင်းပေးမယ့် ပစ္စည်းတောင် ပါဝင်ပါသေးတယ်။ ဒါပေမယ့် Power Up တွေကို ရွေးချယ်ပြီး လိုက်စားနေဖို့ အချိန်မရှိပါဘူး။ ပွဲစတာနဲ့ သူများတွေ ပစ်လိုက်တဲ့ဗုံးတွေ ပလူပျံပြီး ရောက်လာမှာမို့လို့ပါ။ အဲဒါကြောင့် လူများများ ကစားလေလေ ပိုပြီး ဗြောင်းဆန်လေလေပဲ ဖြစ်ပါတယ်။

ကစားရတာ ပိုပြီးပျော်ဖို့ကောင်းအောင် sound effect ကောင်းကောင်းတွေလည်း ထည့်သွင်းထားပါသေးတယ်။ ဗုံးပေါက်ကွဲတဲ့အသံကစပြီး အောက်ပြုတ်ကျလို့ သေတဲ့အသံအထိ ချစ်စဖွယ်အသံတွေကို အသုံးပြုထားတဲ့အတွက် ကစားရင်းနဲ့ ပြုံးမိကြမှာပါ။ ဒါ့အပြင် BombSquad ရဲ့ ချစ်စဖွယ် Graphic ကို ကလေးလူကြီး အရွယ်မရွေး နှစ်သက်သဘောကျကြမှာပါ။

BombSquad ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Android အတွက်ကတော့ Application သပ်သပ်ရှိပေမယ့် iOS သမားတွေက အခြားနည်းလမ်းနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Play Store နဲ့ Apple App Store တို့ကနေ BombSquad Remote ဆိုတဲ့ Application ကို သင့်ဖုန်းထဲ ထည့်သွင်းလိုက်ရင် သင့်ဖုန်းကို Game Remote အနေနဲ့ အသုံးပြုပြီး Mac နဲ့ Windows ကွန်ပြူတာတွေပေါ်မှာ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မယ့်သူတွေအားလုံးက Wifi Network တစ်ခုတည်းပေါ်မှာရှိနေရင် ချိတ်ဆက်ဆော့ကစားလို့ရပါပြီ။

BombSquad ကစားရင် ကစားတဲ့သူတွေအားလုံးက တစ်ယောက်ကိုတစ်ယောက် အလစ်အငိုက်ချောင်းပြီး အချောင်တီးဖို့ တစ်ချိန်လုံး ကြံစည်နေကြမှာပါ။ ဒါပေမယ့် အဲဒါကိုက ပျော်စရာကောင်းတာပါ။ နိုင်ဖို့ထက် ပျော်ရဖို့ ကစားရတဲ့ဂိမ်းဆိုတာ တော်တော်ကြီးကို တွေ့ရခဲနေပြီ ဖြစ်တဲ့အတွက်ပါ။ သူငယ်ချင်းတွေအများကြီး အတူတူဆော့လို့ရတဲ့ ဂိမ်းဖြစ်တာမို့ သင့်ရဲ့ အားလပ်ရက်တွေမှာ သင့်သူငယ်ချင်းတွေနဲ့ အတူဆော့ကစားကြည့်ပါလို့ အကြံပေးလိုပါတယ်။

Image Source:

https://itunes.apple.com/us/app/bombsquad/id416482767?mt=12

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password