ချစ်စဖွယ် Clicker ဂိမ်းလေး Best Fiends Forever

ဖုန်းမျက်နှာပြင်ကို ထပ်ခါထပ်ခါ နှိပ်ပြီး ဆော့ရတဲ့ clicker ဂိမ်းတွေဟာ လူတော်တော်များများအတွက် မစိမ်းလှပါဘူး။ ဖုန်းမျက်နှာ ပြင်ကို တောက်လျှောက်နှိပ်ပြီး ရန်သူတွေကို သတ်မယ်။ ရလာတဲ့ရွှေနဲ့ မိမိ အကောင်ကို ပိုကြမ်းလာအောင်လုပ်မယ်။ Ability တွေကို အဆင့်မြင့်တင်မယ်။ ပြီးတော့ ပိုပြီးခက်ခဲတဲ့ ရန်သူတွေကို ဆက်လက်ရင်ဆိုင်မယ်။ ဒါကတော့ clicker ဂိမ်းတွေရဲ့ အခြေခံ ဖော်မြူလာပဲ ဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးချင်တဲ့ Best Fiends Forever ဆိုတဲ့ ဂိမ်းလေးကလည်း အဆိုပါ ဂိမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းဒီဇိုင်းပိုင်းက ထူးထူးခြားခြားလေး ဖြစ်တာမို့ ကစားသူအများစုရဲ့ ချီးကျူးခြင်းကို ခံရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

 .          .         

ဂိမ်းကတော့ သင်ရယ်၊ သင့်ရဲ့သူငယ်ချင်း ပိုးကောင်လေးတွေရဲ့ စွန့်စားခန်းအကြောင်းပဲ ဖြစ်ပါတယ်။ သင့်ရဲ့ သူငယ်ချင်းတွေကို ပက်ကျိ လူဆိုးကြီးတွေဆီကနေ လိုက်လံကယ်ဆယ်ပြီး ကျွန်းတစ်ခုကနေ နောက်တစ်ခုကို ခရီးဆက်ရမှာပါ။ လမ်းတစ်လျှောက်မှာတော့ အရွယ်စုံ၊ ဆိုဒ်စုံ ပက်ကျိမျိုးစုံနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ရန်သူတွေကို ဖုန်းမျက်နှာပြင်အား တို့ထိပြီးဖြစ်စေ၊ ပိုးကောင်လေးတွေရဲ့ အစွမ်းတွေကို အသုံးပြုပြီးဖြစ်စေ နှိမ်နှင်းရမှာပါ။ ရန်သူတွေ သေရင် အကြွေစေ့တွေ ကျမှာဖြစ်ပြီး ထိုအကြွေစေ့တွေကို ability တွေ အဆင့်မြင့်တင်ရာမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။

ဂိမ်းကို စလိုက်တာနဲ့ သင်ဟာ လမ်းမှာတွေ့သမျှရန်သူတွေကို အပြတ်အသတ် အနိုင်ယူပြီး level တွေ အများကြီးတက်သွားမှာပါ။ ဒါပေမယ့် သင်မနိုင်တဲ့ boss ကို တစ်ချိန်ချိန်ကျရင်တော့ ကြုံတွေ့လာမှာပါ။ အဲဒီအချိန်ကျရင်တော့ အကြွေစေ့တွေ ဆက်လက်စုဆောင်းပြီး အဲဒီ boss ကို ချနိုင်တဲ့အထိ မိမိဇာတ်ကောင်နဲ့ ပိုးကောင်လေးတွေကို အဆင့်မြင့်တင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် level တစ်ခုတည်းမှာ အကြာကြီး တစ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒီအခြေအနေကို ရောက်လာရင် ဂိမ်းရဲ့ ရှေ့ဆက်သွားတဲ့ နှုန်းကို မြင့်တင်ဖို့ စတိုးထဲမှာ ဘာ upgrade တွေရောင်းသလဲဆိုတာ ကြည့်မိကောင်း ကြည့်မိပါလိမ့်မယ်။ ပိုက်ဆံသုံးဖို့ ဝန်မလေးသူတွေကတော့ အဲဒီ upgrade တွေ ဝယ်ပြီး ခရီးဆက်နိုင်ပါတယ်။ ပိုက်ဆံလုံးဝ မသုံးချင်ဘူး ဆိုရင်တော့ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Portal လို့ခေါ်တဲ့ feature ပဲဖြစ်ပါတယ်

Portal ကို အသုံးပြုလိုက်တယ်ဆိုရင် သင်ဟာ ဂိမ်းရဲ့အစကို ပြန်ရောက်သွားမှာဖြစ်ပြီး သင့်ရဲ့ ပိုးကောင်တွေဟာ သင်အဆင့်မြင့်တင်ထားတဲ့ ability တွေနဲ့တစ်ကွ ပျောက်ဆုံးသွားမှာပါ။ အဲဒီအရာတွေအစား gem တစ်မျိုးကို currency အနေနဲ့ အစားထိုး ရရှိမှာဖြစ်ပါတယ်။ သင် level ဘယ်လောက် နောက်ပြန်ဆုတ်ခဲ့လဲပေါ် မူတည်ပြီး ရရှိတဲ့ gem အရေအတွက်က ကွဲပြားသွားမှာပါ။ အဲဒီ gem ကို souvenir လို့ခေါ်တဲ့ အစွမ်းထက် ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ သင့်ရဲ့ damage၊ ပိုးကောင်လေးတွေရဲ့ damage၊ ရွှေရနှုန်း အစရှိတာတွေကို အဆင့်မြင့်တင်ပေးသွားမှာ ဖြစ်လို့ အစကနေ ပြန်စရတယ်ဆိုရင်လည်း အင်မတန်မှ လွယ်ကူသွားစေမှာပါ။ အဲဒီတော့ အရမ်းခက်တဲ့ boss မှာ အကြာကြီး ထိုင်မစောင့်နေချင်ဘူးဆိုရင် portal သုံးပြီး souvenir တွေ ဝယ်ယူနိုင်ပါတယ်။ ဒီ Portal စနစ်ဟာ Best Fiends Forever ကို အခြား clicker ဂိမ်းတွေကနေ ကွဲထွက်သွားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရွှေကို ရန်သူတွေကို သတ်ရာမှ ရရှိနိုင်သလို အခြားနည်းလမ်းတွေနဲ့လည်း ရရှိနိင်ပါသေးတယ်။ ရန်သူတွေကို ရင်ဆိုင်နေရင်း drone တွေနဲ့ လာပို့တဲ့ ပုံးလေးတွေထဲကနေ ရရှိနိုင်သလို လမ်းဘေးမှာတွေ့တဲ့ ရတနာသေတ္တာ တွေကနေလည်း ရရှိနိုင်ဦးမှာပါ။ နောက်တစ်နည်းကတော့ ဂိမ်းကို မဆော့ပဲ ပစ်ထားတာပဲ ဖြစ်ပါတယ်။ ဂိမ်းကို မဆော့နေဘူးဆိုရင်လည်း မိမိရဲ့ ပိုးကောင်လေးတွေက ရန်သူတွေကို ဆက်လက် တိုက်ခိုက်နေပြီး ရွှေတွေ ဆက်လက်ရှာဖွေပေးနေမှာပါ။ ဒါကြောင့် သင်ညအိပ်ပြီး မနက်မှာ ဂိမ်းကိုဖွင့်လိုက်တယ်ဆိုရင် အလွန်များပြားတဲ့ ရွှေတွေကို လက်ခံရရှိမှာပါ။ နောက်ပြီးတော့ ၁၅-၃၀ စက္ကန့်မျှရှိတဲ့ ကြော်ငြာတွေ ကြည့်ဖို့ ဝန်မလေးဘူးဆိုရင် အဆိုပါ ရွှေကို ၂ ဆတိုးနိုင်ဦးမှာ ဖြစ်ပါတယ်။

Best Fiends Forever ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက အင်မတန်ပဲ ချစ်စရာကောင်းတာမို့ သားသားမီးမီးတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။ ဂိမ်းကစားနည်းကလည်း အင်မတန် ရိုးရှင်းတဲ့အတွက် လူကြီးလူငယ်မရွေး အလွယ်တကူ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ In-app purchase တွေက မက်မောစရာဖြစ်ပေမယ့် အဲဒါတွေ မပါလည်း စိတ်ရှည်ရှည်ထားတတ်ရင် ဆော့လို့ အဆင်ပြေပါတယ်။ သတိရတဲ့အချိန် ထုတ်ဆော့ပြီး ကျန်တဲ့အချိန် ပစ်ထားရင်လဲ ပြဿနာ မရှိတာမို့ အချိန်ဖြုန်းချင်တဲ့ အခါမျိုးတွေဆော့ဖို့ သင့်တော်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

 

Image Source:

http://bestfiends.com/games/best-fiends-forever/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password