News

ဘယ်ဂျီယံနိုင်ငံမှာ ဂိမ်းတွေထဲက Loot Box တွေကို Ban လိုက်ပြီ

ဘယ်ဂျီယံမှာတော့ ပွဲကြမ်းကုန်ပါပြီ။ Belgian Gaming Commission က Overwatch, FIFA 18 နဲ့ Counter Strike: Global Offensive တို့ကို ဂိမ်းထဲမှာပါတဲ့ Loot Box တွေကို ဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင် ဥပဒေကြောင်းအရ အရေးယူမယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီဂိမ်းတွေထဲမှာပါဝင်တဲ့ Loot Box တွေဟာ ဘယ်ဂျီယံနိုင်ငံရဲ့ ဂိမ်းဥပဒေနဲ့ မကိုက်ညီတဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဥပဒေနဲ့ကိုက်ညီမညီဆုံးဖြတ်တာမှာ သတ်မှတ်ထားတဲ့ စံအချက်တွေနဲ့ ချိန်ထိုးပြီးဆုံးဖြတ်တာဖြစ်ပါတယ်။ အကျဉ်းအနေနဲ့ပြောရရင် ဂိမ်းထဲမှာပါဝင်တဲ့ Feature က ငွေရေးကြေးရေးအရ အရှုံးအမြတ်ထွက်ပေါ်နိုင်ပြီး ရလဒ်က Skill ပေါ်မမူတည်ပဲ ကံအပေါ်မူတည်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချက်တွေနဲ့ငြိနေတဲ့ဂိမ်းတွေကို ထုတ်ပြန်ကြေညာပြီး သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ တကယ်လို့ အဲဒီ Loot Box တွေကို ဂိမ်းထဲကနေ ဖယ်ရှားခြင်းမပြုလုပ်ခဲ့ဘူးဆိုရင် Game Developer အနေနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ယူရို ၈၀၀,၀၀၀ ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။ တကယ်လို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဆော့လို့ ပြဿနာတက်ရင် ဒဏ်ကြေးက ၂ ဆတိုးသွားမယ်လို့ ဆိုထားပါသေးတယ်။

ပြောမယ်ဆိုရင် ဇာတ်လမ်းက EA ရဲ့ Star Wars Battlefront II ကနေစခဲ့တာပါ။ Full Game တစ်ခုစာစျေးယူထားပြီးတော့ Game Progression ကို Loot Box တွေနောက်မှာထည့်ထားတော့ လုံးဝကို အုတ်အော်သောင်းနင်းဖြစ်သွားပြီး နိုင်ငံအသီးသီးက အစိုးရတွေရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘယ်ဂျီယံအပါအဝင် နိုင်ငံအချို့က ဂိမ်းတွေကို လေ့လာမှုတွေပြုလုပ်လာပြီး ဘယ်ဂိမ်းတွေက သူ့တို့ဥပဒေနဲ့ငြိတယ်ဆိုတာတွေ လိုက်လံစုံစမ်းလာခဲ့ပါတယ်။ ဖြစ်ချင်တော့ အခုသတိပေးခံရတဲ့ ဂိမ်းတွေထဲမှာ Battlefront II မပါဝင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပယ်ပယ်နယ်နယ်အဆဲခံရပြီးတဲ့နောက် EA က သူ့ရဲ့ Microtransaction စနစ်ကို လုံးဝပြောင်းလိုက်တော့ ဥပဒေနဲ့မငြိဘဲ လွတ်သွားတဲ့အတွက်ဖြစ်ပါတယ်။

ဘယ်ဂျီယံမတိုင်မီမှာ နယ်သာလန်နိုင်ငံကလည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ခဲ့ပါသေးတယ်။ နယ်သာလန်က FIFA 18, Dota 2, PlayerUnknown’s Battlegrounds နဲ့ Rocket League တို့ကို ဇွန်လ ၂၀ ရက်နေ့မတိုင်မီ Loot Box တွေကို ဖယ်ရင်ဖယ်၊ မဟုတ်ရင် ဥပဒေနဲ့လွတ်အောင် ပြောင်းပစ်ဖို့ သတိပေးထားခဲ့ပါတယ်။

Loot Box က ဒီနောက်ပိုင်းမှာ တော်တော် Serious ဖြစ်တဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ အဲဒီလိုဖြစ်လာတာ ကိုယ်တွေ Gamer တွေဖက်ကတော့ တော်တော်ကောင်းပါတယ်။ အဲဒါကနေတစ်ဆင့် ဟိုးအရင်တုန်းကလို ဂိမ်းထဲရှိသမျှ content တွေကို ကိုယ့်စွမ်းအားနဲ့ ဆော့ကစားပြီး ရယူရတဲ့ဂိမ်းမျိုးတွေ ပြန်လည်ပေါများလာရင်တော့ အတိုင်းထက်အလွန်ပဲဖြစ်ပါတယ်။ လောလောဆယ်တော့ PC/Console ဂိမ်းတွေမှာပဲ ဒီလိုအရေးယူမှုတွေရှိသေးပေမယ့် ဒီလှိုင်းဂယက်က အခြား Platform တွေဆီကို ကူးပြောင်းသွားရင်တော့ ရှယ်ပဲလို့ပြောရမှာပါပဲ။

Ref: The Verge

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password