Blackjack နဲ့ RPG ကို ရောသမ မွှေထားတဲ့ Battlejack

လမ်းသွားလမ်းလာရင်း ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ ဂိမ်းမျိုးကို ရှာဖွေနေတဲ့သူတွေအတွက် မကြာသေးမှီက ထွက်ရှိထားတဲ့ Battlejack ဆိုတဲ့ concept ဆန်းဆန်းနဲ့ ဂိမ်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Battlejack ဟာ Twenty-one လို့ လူသိများတဲ့ Blackjack ကစားနည်းကို RPG ဂိမ်းနဲ့ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ နည်းနည်းရှုပ်သွားသလားမသိဘူး။ အောက်မှာ အသေးစိတ် ရှင်းပြပါ့မယ်။

ပုံမှန် RPG ဂိမ်းတွေ ဇာတ်လမ်းအတိုင်းဘဲ Battlejack မှာ သင်ဟာ ကမ္ဘာကြီးကို ကယ်တင်ရမယ့် သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ မှော်သစ်ပင်ကြီး Yggdrasil ဟာ မကောင်းဆိုးဝါးတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတာကြောင့် ကမ္ဘာကြီးရဲ့ သဘာဝစွမ်းအင်တွေ ဖောက်ပြန်ပြီး ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် သူရဲကောင်းဖြစ်တဲ့ သင့်ရဲ့တာဝန်က အဲဒီမကောင်းဆိုးဝါးတွေကို တိုက်ခိုက်ပြီး Yggdrasil ကို ကယ်တင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်မယ့် သင့်ရဲ့ခရီးကြမ်းကြီးကို အထောက်အကူပြုမယ့် အခြားသူရဲကောင်းတွေကိုလည်း လိုက်လံစုဆောင်းရဦးမှာ ဖြစ်ပါတယ်။ ဒီအထိကတော့ သူသူငါငါ RPG ဂိမ်းတွေထုံးစံအတိုင်းပါပဲ။ ဘယ်မှာလည်း Blackjack လို့ မေးချင်စရာပါပဲ။

 .         

Blackjack ကစားနည်းကို ဒီဂိမ်းရဲ့ တိုက်ပွဲစနစ်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ဖဲချပ်တွေကို အသုံးပြုပြီး တိုက်ခိုက်ရမှာပါ။ Blackjack ကစားသလိုပဲ သင့် ဖဲချပ်တွေရဲ့ အားလုံးပေါင်းရလဒ်က ၂၁ ကျော်လို့မရပါဘူး။ ကျော်သွားခဲ့ရင် အဲဒီ အလှည့်မှာ သင်ချလို့မရဘူး ဖြစ်သွားမှာပါ။ အဲဒီတော့ သင့်စိတ်ကြိုက်နံပါတ်တစ်ခု ရောက်တဲ့အထိ ဖဲချပ်တွေကို တောက်လျှောက်ဆွဲပြီး attack ခလုပ်ကို နှိပ်လိုက်ရုံပါပဲ။ ပေါင်းလဒ်က များလေလေ သင့်ရဲ့ damage က များလေလေပဲ ဖြစ်ပါတယ်။ ဖဲချပ်တွေက Fire ၊ Water ၊ Earth နဲ့ Light/Dark ဆိုပြီး အမျိုးအစား ၄ မျိုးရှိပြီး ကဒ်အရောင်ပေါ်လိုက်ပြီး သင့် Hero တစ်ဦးချင်းစီရဲ့ damage ပမာဏက ကွဲပြားဦးမှာ ဖြစ်ပါတယ်။ ဥပမာ Fire ကဒ်ကို ၁၀ ရထားတယ်ဆိုရင် သင့်ရဲ့ Fire အမျိုးအစား Hero က damage အများကြီးထွက်မှာပါ။ တကယ်လို့ ၂၁ ရခဲ့ရင်တော့ Blackjack ဖြစ်ပြီး သင့် Hero အားလုံးရဲ့ damage က အများကြီး တက်သွားမှာ ဖြစ်ပါတယ်။

 .          .         

RPG ဂိမ်းဆိုတဲ့အတိုင်း Hero ကို level တင်တာတွေ၊ skill upgrade လုပ်တာတွေ မပါမဖြစ် ပါဝင်ပါတယ်။ Story mode အပြင် PvP လည်း ပါဝင်သေးတဲ့အတွက် အခြား ကစားသူတွေနဲ့ ယှဉ်ပြိုင်ရတာ ကြိုက်နှစ်သက်တတ်သူတွေအတွက် ကွက်တိဖြစ်စေမှာပါ။ မိမိဇာတ်ကောင်ကို အကြမ်းတကာ့ အကြမ်းဆုံးဖြစ်အောင် ဆင်ချင်တဲ့သူတွေအတွက်ကတော့ gem တွေဝယ်ယူပြီး ကစားနိုင်ပါတယ်။ Battlejack ဟာ ပေါ့ပေါ့ပါးပါး ဆော့ကစားလို့ကောင်းတဲ့ RPG ဂိမ်းလေးဖြစ်တာမှန်ပေမယ့် ပိုက်ဆံသုံးပြီး ကစားသင့် မကစားသင့်ကတော့ ကိုယ်တိုင် စမ်းသပ်ဆော့ကစားပြီးမှ သုံးသပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ အသစ်အဆန်းလေးတွေ ကြိုက်နှစ်သက်တတ်သူတွေကတော့ Battlejack ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်တယ်လို့ အသိပေးလိုက်ရပါတယ်။

Image Sources:

http://battlejack.net/

https://itunes.apple.com/us/app/battlejack/id1064497671?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password