ရက် ၈၀ တည်းနဲ့ ကမ္ဘာပတ်ဖို့ ကြိုးစားရမယ့် 80 Days

ဒီခေါင်းစဉ်ကိုမြင်တာနဲ့ အနောက်တိုင်းစာပေနဲ့ အနည်းအကျဉ်း အထိအတွေ့ ရှိသူတွေကတော့ ဂန္တဝင်စာရေးဆရာကြီး Jules Verne ရဲ့ နာမည်ကျော်ဝတ္ထု “Around the World in Eighty Days” ကို ပြေးမြင်ကြမှာပါ။ အဲဒါဆိုရင်တော့ သင်တွေးတာ မမှားပါဘူး။ 80 Days လို့နာမည်ရတဲ့ ဒီဂိမ်းလေးဟာ Jules Verne ရဲ့ ဝတ္ထုကို အခြေခံပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဝတ္ထုရဲ့ ဇာတ်လမ်းကျောရိုးကိုယူပြီး အလွန်စိတ်ဝင်စားစရာကောင်းအောင် မွန်းမံပြင်ဆင်ထားတာကြောင့် ဝတ္ထုဖတ်ဖူးတဲ့သူတွေတောင် အသစ်အဆန်းလို ခံစားစေရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်မှာ ပြောထားတဲ့အတိုင်းပဲ ကစားသူဟာ ကမ္ဘာကြီးကို ရက် ၈၀ တည်းနဲ့ ပြီးအောင်ပတ်ရမှာပါ။ ယနေ့ခေတ် သယ်ယူပို့ဆောင်ရေးနည်းပညာတွေနဲ့ဆိုရင် ကမ္ဘာတစ်ပတ် ပတ်ဖို့ဆိုတာ နာရီပိုင်းသာ ကြာမှာပါ။ ဒါပေမယ့် ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၉ ရာစုနှစ်မှာတော့ ရက် ၈၀ အတွင်းပတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အဲဒီလို မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြမယ်ဆိုပြီး လန်ဒန်မြို့က လူကုံထံတစ်ယောက်ဖြစ်သူ Phileas Fogg က သူ့မိတ်ဆွေတွေနဲ့ အလောင်းအစား ပြုလုပ်လိုက်ပါတယ်။ ကစားသူဟာ Phileas Fogg ရဲ့ အစေခံဖြစ်သူ Jean Passepartout နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ သင့်ရဲ့တာဝန်ကတော့ ခရီးလမ်းတစ်လျှောက်မှာ Phileas Fogg ရဲ့ ကျန်းမာရေးကစပြီး ငွေရေးကြေးရေး၊ ခရီးလမ်းကြောင်းရွေးချယ်မှုတွေအထိ လုပ်ဆောင်ပေးရမှာပါ။

သင့်ရဲ့ခရီးက လန်ဒန်မြို့ကစတင်မှာဖြစ်ပြီး ဘယ်ကို ဘယ်လိုသွားမယ်ဆိုတာကတော့ သင်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ခု သတိပြုရမှာက သင့်ရဲ့ ရွေးချယ်မှုတိုင်းဟာ သင့်ခရီးရဲ့ နောက်လာမယ့်အဆင့်တိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ လန်ဒန်မြို့ကထွက်လာစဉ်မှာ ဥရောပတိုက်ရဲ့ သင်္ဘောအချိန်စာရင်းကို မယူခဲ့မိဘူးဆိုရင် သင်စီးလို့ရမယ့် သင်္ဘောလမ်းကြောင်းတွေကို ကြိုမသိရတော့ပါဘူး။ အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံကနေ ဝယ်ယူခဲ့မိတဲ့ ပစ္စည်းတစ်ခုဟာ နောက်တစ်နေရာအရောက်မှာ သင်လူသတ်သမားအဖြစ် စွပ်စွဲခံရဖို့ အကြောင်းဖန်လာစေနိုင်ပါတယ်။ အဲဒီတော့ ဘာတွေဖြစ်လာမယ်ဆိုတာ သင်ကြိုမသိနိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ ရလဒ်တွေကြောင့် အံအားသင့်ရတဲ့အခိုက်အတန့်တွေက ဒီဂိမ်းရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။

အဲဒီတော့ Phileas Fogg က ရက် ၈၀ အတွင်း လန်ဒန်ကိုပြန်ရောက်ဖို့ဟာ သင့်အပေါ်မှာ လုံးလုံးမူတည်နေပါတယ်။ ဒါကြောင့် အတိုဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းတွေကို ရွေးချယ်ပေးဖို့ဟာ ကစားသူဖြစ်တဲ့ သင့်ရဲ့တာဝန် ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရထားက လူတွေအရမ်းကျပ်နေလို့ နောက်ရက်တွေအထိ စောင့်ရမယ့်အချိန်မျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအခါကျရင် ငွေလမ်းခင်းပြီး ရထားချက်ချင်းစီးလို့ရအောင် လုပ်လို့ရမှာပါ။ ဒါပေမယ့် အဲဒီလိုချည်းပဲ လုပ်သွားရင်း သင့်သခင် Phileas Fogg ဟာ လမ်းတစ်ဝက်မှာတင် ဒေဝါလီ ခံသွားရပါလိမ့်မယ်။ အဲဒီတော့ ပိုက်ဆံကို လိုအပ်သလောက်ပဲသုံးပြီး အပိုဝင်ငွေရအောင် နိုင်ငံတစ်ခုကပစ္စည်းတွေကို နောက်နိုင်ငံမှာ ရောင်းချတာမျိုး လုပ်သင့်ရင် လုပ်ရမှာပါ။

ဒီဂိမ်းမှာ ဇာတ်လမ်းကို စကားလုံးတွေ အဓိကအသုံးပြုပြီး ပြောပြသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဂိမ်းဆော့နေရတာဟာ ကိုယ်တိုင်ရေးတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုမျိုး ခံစားရမှာပါ။ တစ်ကြိမ်ဆော့ပြီးသွားလို့ ဒီဂိမ်းကလုံးဝပြီးဆုံးသွားတာမဟုတ်ပါဘူး။ 80 Days ဟာ စာလုံးရေ ၇၅၀,၀၀၀ ကျော်ပါဝင်ပြီး အဲဒါဟာ Harry Potter ဝတ္ထုအတွဲ ၁ ကနေ ၅ အထိ ပေါင်းထားတာထက် ပိုများပါတယ်။ တစ်ကြိမ်ဆော့ပြီးရင် သင်ဟာ 80 Days မှာပါဝင်တဲ့ စာလုံးရေရဲ့ ၂-၃ ရာခိုင်နှုန်းလောက်ပဲ ဖတ်ပြီးဦးမှာ ဖြစ်ပါတယ်။ အဲဒီတော့ အကြိမ်ကြိမ်ပြန်ဆော့ရင်တောင် ဇာတ်လမ်းအသစ်တွေနဲ့ ကြုံရမှာဖြစ်လို့ ဂိမ်းအသစ်တစ်ခုကို ဆော့နေရသလို ခံစားရမှာပါ။

 .         

80 Days ကို $4.99 နဲ့ Android ရော iOS မှာပါ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Premium ဂိမ်းဖြစ်တာနဲ့အညီ ဝယ်ပြီးရင် ဘာအရှုပ်အရှင်းမှမရှိတော့ပဲ မိမိစိတ်တိုင်းကျ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် PC ပေါ်မှာ ဆော့ကစားချင်သူတွေကလည်း Steam Store မှာ ဝယ်ယူဆော့ကစားနိုင်ပါသေးတယ်။ တကယ်ရော ကောင်းပါ့မလားလို့စဉ်းစားပြီး ပိုက်ဆံသုံးရမှာ ချီတုံချတုံဖြစ်နေတယ်ဆိုရင် 80 Days ရရှိထားတဲ့ Game of the Year ဆုတွေက သင့်သံသယတွေကို ရှင်းလင်းပေးမှာပါ။ Narrative storytelling ဂိမ်းမျိုးကို သဘောကျတယ်ဆိုရင်တော့ 80 Days ကို ဆော့ကိုဆော့သင့်ပါတယ်။ မူရင်းဝတ္ထုကို နှစ်သက်သူတွေအတွက်လည်း မိမိအရင်က စိတ်ကူးနဲ့ပုံဖော်ခဲ့ရတဲ့ Phileas Fogg နဲ့ Passepartout တို့ရဲ့ ခရီးစဉ်ကို လက်တွေ့ကစားရမယ့် အခွင့်အရေးဖြစ်တာမို့ လက်လွတ်မခံသင့်ပါဘူး။ 80 Days ဟာ replay value ကလည်း ကောင်းတဲ့အတွက် ပေးလိုက်ရတဲ့ပိုက်ဆံနဲ့တန်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်လို့ time-killer အနေနဲ့ရော ဝတ္ထုဖတ်တဲ့အနေနဲ့ပါ ဆော့ကစားလို့ သင့်တော်တဲ့ဂိမ်းတစ်ခုဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

Image Sources:

https://www.inklestudios.com/

https://itunes.apple.com/us/app/80-days/id892812659?mt=8

https://www.amazon.com/inkle-Ltd-80-Days/dp/B00QZ727TO

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password